စစ်ကောင်စီခေါင်းဆောင်နဲ့ မိသားစုပြည်ပ ထွက်ပြေးပြီဆိုတဲ့ သတင်းအတု
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် မိသားစု ပြည်ပထွက်ပြေးပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ မတူညီတဲ့ ဓါတ်ပုံ ၄ ပုံကို အသုံးပြုထားပါတယ်။ ဓါတ်ပုံအားလုံးဟာ လေဆိပ်နဲ့ လေယာဉ်ပေါ်မှာ ရိုက်ကူးထားတာတွေသာ ဖြစ်ပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် ပြေးဖို့လုပ်ပြီ။ ဗိုလ်ချုပ် မိသားစု၊ သားသမီးတွေ အကုန်လုံး လေယဉ် (၅) စီးနဲ့ ပြည်ပ ထွက်ပြေးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၄၂၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် မိသားစု ပြည်ပထွက်ပြေးပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံ အနှံ့မှာ တိုက်ပွဲတွေရှုံးနှိမ့်ပြီး နယ်မြေတွေ ဆုံးရှုံးသွားပေမယ့် အတင်းအကြပ် ဥပဒေတွေ ပြဌာန်းကာ လူသစ်စုဆောင်းနေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ်ပြောကာ ပြည်တွင်းမှာသာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ မည်သည့်နိုင်ငံကိုမှ ထွက်ပြေးသွားခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။