စစ်ကောင်စီခေါင်းဆောင် ရာထူးကနုတ်ထွက်ပြီဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရာထူးက နုတ်ထွက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “May 19, 2023 မင်းအောင်လှိုင် ရာထူးမှ နုတ်ထွက်ပြီ” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါ အတိုင်း ရေးသားဖြန့်ဝေထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာ နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရာထူးကနုတ်ထွက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရာထူးက နုတ်ထွက်သွားခြင်းမရှိဘဲ တိုင်းပြည်အာဏာယူထားဆဲဖြစ်ပြီး ၎င်းရဲ့သက်ပြည့်ပင်စင် ယူရမယ့် ကာလကိုလည်း အကန့်အသတ်မရှိ တိုးကာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ယူထားဆဲဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ၎င်း ရာထူးက နုတ်ထွတ်သွားတဲ့အကြောင်းအရာ မပါဝင်ပါဘူး။ တစ်ခြားသတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။