စစ်ကောင်စီခေါင်းဆောင် ထိုင်းလေဆိပ်မှာ အဖမ်းခံရတယ်ဆိုတဲ့သတင်းအတု
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလေဆိပ်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၉ ရက်နေ့မှာဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီမင်းအောင်လှိုင်ရဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အထူးလေယာဉ်နဲ့ ထိုင်းရောက်လာတဲ့ မင်းအောင်လှိုင် လေဆိပ်အရောက်မှာ ဖမ်းဆီးခံရ။ ထိုင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ ကြေညာပြီ” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလေဆိပ်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်နဲ့ ထိုင်းနိုင်ငံကြားမှာ တင်းမှာမှုတွေ မရှိသလို မင်းအောင်လှိုင်ကို ထိုင်းလေဆိပ်မှာ ဖမ်းဆီးခြင်း ထိန်းသိမ်းခြင်းတွေ မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။