စစ်ကောင်စီခေါင်းဆောင် တရုတ်ပြည်ကို ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအတု
အာဏာသိမ်း စစ်တပ်ရဲ့ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ထွက်ပြေးသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ခေါင်းဆောင်ပါဝင်တဲ့ ဓါတ်ပုံတွေနဲ့ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “မအလ တရုတ်ပြည် ပြေးပြီဟေ့။ သိန်းစိန်နဲ့ မအလမိသားစု အပေါင်းအပါအားလုံး တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေပီဟေ့” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်း စစ်တပ်ရဲ့ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်က တရုတ်နိုင်ငံကို ထွက်ပြေးသွားခြင်း မရှိသလို မည်သည့်စစ်ဗိုလ်ချုပ်မှ ထွက်ပြေးသွားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။