စစ်ကောင်စီ ဥက္ကဌ နုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတု
နိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့ ရွေးကောက်ပွဲပြုလုပ်ရေးဆိုင်ရာ ပြသနာတွေပေါ်ထွက်နေဆဲအခြေအနေမှာ စစ်ကောင်စီ ဥက္ကဌနုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ဒီရက်ထဲထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ သတင်းအတုကို Base Video ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီဗိုလ်ချုပ်တွေ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “စစ်ကောင်စီ ဥက္ကဌ နုတ်ထွက်သွားပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို like လုပ်ထားသူ ၇၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်း ၇ သောင်းကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်တစ်ခုကလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ဥက္ကဌ ရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဥက္ကဌဟာ ရာထူးက နုတ်ထွက်ခြင်း မရှိသလို၊ ခေါင်းဆောင်ပိုင်းက မည်သည့် ဗိုလ်ချုပ်တွေကမှလည်း ရာထူးက နုတ်ထွက်သွားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။မူရင်းတင်ထားတဲ့ Video ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ရာထူးက နုတ်ထွက်တဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ဖန်တီးထားတဲ့ Cilck baits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။