မြဝတီမြို့ကို KNLA ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအတု
ကရင်ပြည်နယ် မြဝတီမြို့ကို KNLA ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို Video Base ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၇ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ လက်နက်ကိုင် တိုက်ပွဲဖြစ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “မြဝတီမြို့ကို KNLA သိမ်းပိုက်လိုက်ပြီ” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါခေါင်းစဉ်နဲ့ပဲ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၁၂၀၀ ကျော်နဲ့ ဝင်ရောက် ကြည့်ရှု့ထားသူ ၃၁၀၀၀ ကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ထပ်ဆင့်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ခေါင်းစဉ်တွေမှာရေးသားဖြန့်ဝေထားတဲ့ မြ၀တီကို KNLA က သိမ်းတယ်ဆိုတဲ့ အခြေအနေမျိုးကို လှည့်ဖျားရေးသားပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မြ၀တီမြို့ပေါ်နဲ့ အဲ့ဒီမြို့အနီးတဝိုက်တွေမှာ KNLA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး အခုအချိန်အထိ မြဝတီမြို့ကို အပြီးသိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့အခြေအနေတော့မရှိသေးပါဘူး။ ဒီသတင်းဟာပြီးခဲ့တဲ့ရက်တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတချို့နဲ့ စစ်ကောင်စီက ပြန်လည်တိုက်ခိုက်နေတဲ့ အခြေအနေတွေပေါ်မှာ အခြေခံပြီး အသုံးချဖြန့်ဝေနေတဲ့ အကြောင်းအရာမျိုးသာဖြစ်ပါတယ်။
ဒါ့အပြင် အခုခေါင်းစဉ်နဲ့ဖြန့်ဝေတဲ့အကြောင်းအရာထဲမှာ ဒီလိုသိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့ အကြောင်းအရာ၊ သငတင်းအချက်အလက်တစိုးတစဉ်းမျှမပါသလို Video ထဲမှာ တခြားမဆိုင်တဲ့ စစ်ရေးသတင်းတွေကို ကူးယူဖြန့်ဝေထားတဲ့ အခြေအနေမျိုးသာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။