စစ်ကောင်စီ ခေါင်းဆောင်ကို ICJ က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တဟ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ် နိုင်ငံတကာက ခေါင်းဆောင်တစ်ချို့ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ကုလမှာ ဦးကျော်မိုးထွန်း တောင်းဆိုမှု အောင်မြင်။ မင်းအောင်လှိုင်ကို ICJ မှ ဖမ်းဝရမ်းထုတ်လိုက်ပြီ။ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ သေဒဏ်ချမယ်တဲ့” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ICJ က စစ်ကောင်စီခေါင်းဆောင်အပေါ် ဖမ်းမိန့်ချထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။