ဒေါ်စုကို မလွှတ်ပေးရင် နေတိုးတပ်တွေ ဝင်လာမယ်လို့ G-7 ပြောတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်ပေးရင် နေတိုးစစ်တပ်တွေ ဝင်တိုက်မယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအတုသာဖြစ်ပါတယ်။
အဆိုပါ သတင်းအတုကို Minu Kusari ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလှိုင်လ ၂၉ ရက်နေ့ ၁၀ နာရီ ၂၁ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပြီး ၎င်း Video ပေါ်မှာ "အမေစုကို ချက်ချင်းလွတ်ပေးဖို့ G-7 နိုင်ငံတွေထုတ်ပြန်။ မလွတ်ပေးပါက နေတိုးစစ်တပ်ဝင်ရလိမ့်မယ်ပြော" လို့ ရေးသားထားပါတယ်။ အဆိုပါ Video နဲ့အတူ "နိုင်ငံကြီးတွေ ပါလလာပြီ။ အမေစုကို မလွတ်ပါက နေတိုးစစ်တပ် ဝင်ရလိမ့်မယ်လို့ G-7 ပြောပြီ" ဆိုတဲ့ စာသားကို ရေးသားကာ Facebook နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားတာဖြစ်ပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို Facebook ပေါ်မှာ Like လုပ်ထားသူ ၂ သောင်းကျော်နဲ့ ဝင်ရောက် ကြည့်ရှု့ထားသူ ၂ သိန်းခွဲခန့်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၆၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်ရင် နေတိုးစစ်တပ်တွေ ဝင်လာမယ်လို့ G-7 နိုင်ငံတွေ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားပြည်သူ ၂ ဦးဖြစ်တဲ့ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင် မှုအပေါ် G-7 နိုင်ငံခြားရေး ဝန်ကြီးတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ သေဒဏ်စီရင်ခံရသူတွေ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေအတွက်လည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်မိကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွတ်ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့စတဲ့ အချက်တွေကိုသာ ရေးသားထားတာဖြစ်ပြီး နေတိုးစစ်တပ် ဝင်မယ်ဆိုတဲ့ အကြောင်းအရာတစ်လုံးမှ မပါဝင်ပါဘူး။ ဒါအပြင် ဒီထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွတ်ပေးဖို့သာ ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည် နာမည်ကို သုံးစွဲဖော်ပြထားခြင်းလည်း မရှိပါဘူး။
G-7 ထုတ်ပြန်ချက် နဲ့ G-7 ထုတ်ပြန်ချက်အကြောင်း ရေးထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
ဒီသတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတာဖြစ်ပြီး ကြည့်ရှု့သူ အရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Click baits ဖန်တီးသူတွေဖြန့်ဝေတဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။