ရန်ကုန်တစ်မြို့လုံး တိုက်ပွဲဖြစ်နေပြီဆိုတဲ့ သတင်းအတု
ရန်ကုန်တစ်မြို့လုံး တိုက်ပွဲဖြစ်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ မီးတွေလောင်နေတဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီဗိုလ်ချုပ်တစ်ဦးရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့ စစ်တပ်ဌာနချုပ်ကြီးကျပြီ။ အရေးပေါ်ပြီ။ မအလဒေါက်တိုင် ဗိုလ်ချုပ်ကြီးရာပြည့်ပါသေဆုံး။ လုံးဝအပြင်မထွက်ကြပါနဲ့။ တမြို့လုံးတိုက်ပွဲဖြစ်နေ။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်တစ်မြို့လုံး တိုက်ပွဲဖြစ်ပြီး ရန်ကုန်စစ်ဌာနချုပ်ကျဆုံးပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း မရှိသလို ရန်ကုန်တိုင်း စစ်ဌာနချုပ်လည်း ကျဆုံးသွားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။