ပြင်ဦးလွင်ရှိ DSA ဗိုလ်သင်တန်းကျောင်း ဝင်စီးခံရတယ်ဆိုတဲ့ သတင်းအတု
ပြင်ဦးလွင်အနီးရှိ ဝက်ဝံစစ်ဆေးရေးဂိတ်ကို MDY-PDF က သိမ်းပိုက်ပြီး DSA ဗိုလ်သင်တန်းကျောင်း ဝင်စီးတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ်သတင်း။ ပြင်ဦးလွင် ဝက်ဝံဂိတ်ကို MDY-PDF သိမ်းပိုက်။ ပြင်ဦးလွင် (DSA) ဗိုလ်သင်တန်းကျောင်းကို ဝင်စီးပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီ ၁၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ နှစ်သိန်းနီးပါး ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပြင်ဦးလွင်ရှိ DSA ဗိုလ်သင်တန်းကျောင်း ဝင်စီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ ဇွန်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'မြို့နားကပ်လာသည့် တိုက်ပွဲကြောင့် ပြင်ဦးလွင်တွင် လုံခြုံရေးတင်းကျပ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကို ရေးသားဖော်ပြထားတာပါ။
ဒီသတင်းထဲမှာ ပြင်ဦးလွင်အနီးရှိ ဝက်ဝံစစ်ဆေးရေးဂိတ်ကို MDY-PDF က သိမ်းပိုက်ပြီး DSA ဗိုလ်သင်တန်းကျောင်း ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။