မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ အာဆီယံဥက္ကဌ အမိန့်ချတယ်ဆိုတဲ့ သတင်းအတု
မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ အာဆီယံ ဥက္ကဌ အမိန့်ချလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။
အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ Facebook Page တွေကနေ တဆင့်ဖြန့်ဝေထားတာဖြစ်ပြီး ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရယ် အာဆီယံက ပုဂ္ဂိုလ်တစ်ဦးရယ် ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၆ ရက်နေ့ ညနေ အထူးသတင်း၊ ဗမာစစ်တပ်ကို ဖျက်သိမ်းဖို့ အာဆီယံ ဥက္ကဌ အမိန့်ချ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “ဗမာ စစ်တပ် ဖျက်သိမ်းဖို့” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
ဒီ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ အာဆီယံ ဥက္ကဌ အမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲ ရှုံးနှိမ့်ပြီး အာဏာဖယ်ပေးရတော့မယ့် ထိုင်းအိမ်စောင့်အစိုးရက မြန်မာအရေးဆွေးနွေးဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။ အာဏာဖယ်ပေးရတော့မယ့် အဖွဲ့အနေနဲ့ ဒီလို အလျှင်စလို ဖိတ်ကြားဆွေးနွေးတာဟာ သံသယဖြစ်စရာ ကောင်းကြောင်း ဒေသတွင်း ဝေဖန်မှုတွေ မြင့်တက်နေသလို အာဆီယံ အစည်းအဝေးတွေကို စစ်ကောင်စီပြန်လည် တက်ရောက်ခွင့်ရဖို့နဲ့ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုဖို့ ထိုင်းရဲ့ ကြိုးပမ်းမှုကို အင်ဒိုနီးရှားနိုင်ငံခြားရေးရာ ဝန်ကြီးက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအရေး ထိုင်း အိမ်စောင့်အစိုးရရဲ့ ကြိုးပမ်းမှုကို ရေးသားထားတဲ့ Myanmar Now သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။
ထိုင်းအိမ်စောင့်အစိုးရ၏ မြန်မာ့အရေးဆွေးနွေးပွဲအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သတိပေး
အာဆီယံ ဥက္ကဌက မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ မပြောထားသလို သတင်းအမှားဖြန့်သူတွေတင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။