မြန်မာတိုက်လေယာဉ်ကို ထိုင်းက ပစ်ချတယ်ဆိုတဲ့ သတင်းအတု
မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်ကို ထိုင်းက ပစ်ချတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ “စစ်ကြေငြာပြီဟေ့။ မြန်မာတိုက်လေယာဉ် ထိုင်းပစ်ချ။ ရုရှားထုတ် SU 30 ကို နယ်စပ်အနီး ဝင်လာစဉ် ထိုင်းလေကြောင်း အထူးတပ်မှ ပစ်ချလိုက်ပြီ။” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်ကို ထိုင်းက ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နယ်စပ်ဒေသတိုင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေကာ နယ်စပ်နိုင်ငံတိုင်းအပေါ်လည်း လက်နက်ကြီးကျည်ကျရောက်မှုတွေရှိကာ သတိပေး ပြောကြားခံထားရပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသကိုလည်း ကျည်ဆံတွေ ကျရောက်မှုတွေ ရှိနေပြီး ထိုင်းက ကင်းချကာ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ထိုင်းစစ်တပ်ကတော့ မြန်မာစစ်တပ်ရဲ့ လေယာဉ်တွေကို ပစ်ခတ်ခြင်း၊ ပစ်ချခြင်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။