စစ်ကောင်စီ ဒုဗိုလ်ချုပ်စိုးဝင်း လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ထံက အာဏာပြန်သိမ်းဖို့ကြိုးစားလို့ စစ်ကောင်စီ ဒုဗိုလ်ချုပ်စိုးဝင်းကို လုပ်ကြံသတ်ဖြတ်ခံလိုက်တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကို သတင်းအမှားဖြန့်ဝေသူတွေက ဒီရက်ပိုင်းအတွင်းဖြန့်ဝေလာပါတယ်။
အဆိုပါ သတင်းအတုကို 2Time ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီဗိုလ်ချုပ်တွေနဲ့ သတင်းကြေငြာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "29 ရက်နေ့ အချင်းချင်း လုပ်ကြံပြီ။ အာဏာလုဖို့ ကြံစဉ်နေတဲ့ ဗိုလ်ချုပ်စိုးဝင်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီဗျို့" လို့ ရေးသားထားပါတယ်။ ဒီ Video ကို ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာ "ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းသွားပြီ" လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ ၅ သောင်းနီးပါးခန့် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အထက်ပါ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီသတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာဖြစ်ပြီး ဒုကာချုပ် စိုးဝင်းက စစ်ကောင်စီခေါင်းဆောင်ထံက အာဏာလုဖို့ ကြံစည်နေတယ်ဆိုတဲ့အခြေအနေမျိုး မရှိသလို လုပ်ကြံသတ်ဖြတ်ခံရခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားသူတွေဟာ အရင် Video တွေဖြန့်ဝေနေကျပုံစံအတိုင်း Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် Video ရဲ့ ခေါင်းစဉ်မှာ ဒုကာချုပ် စိုးဝင်း လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တနေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်တာကို တွေ့ရပါတယ်။