စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို AA တပ်ဖွဲ့ဝင်တွေလို့ သတင်းအမှားဖြန့်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူတွေကို AA တပ်ဖွဲ့ဝင်တွေလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ AA ခဲဝါအဖွဲ့ရဲ့ အမာခံတွေနဲ့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့အတွင်းမှာတော့ “AA အဖွဲ့အမာခံနဲ့ တပ်ဖွဲ့ဝင်တွေ စစ်တွေမြို့ကိုပြန်ဝင်လာတယ်။ သူတို့က ရိက္ခာ နဲ့ အစားအသောက်တွေကို တခြားမြို့တွေကိုပို့ပေးဖို့ဝင်လာတာ။ AA တပ်ဖွဲ့ဝင်တွေကတော့ ဆက်ကြေးတွေပြန်ကောက်ပြီး အခွင့်အရေးရရင် တပ်ကိုတိုက်မယ်လို့ပြောတယ်။ ကျွန်တော်တို့ စစ်တွေမြို့ကို အခြားမြို့တွေလိုမျိုး မြို့ပျက်အဖြစ်မခံနိုင်ဘူး။ သူတို့တွေ မြို့ထဲပြန်ဝင်လာရင် မြို့အတွက်အန္တရာယ်ရှိတယ်လို့ ဒေသခံတစ်ဦးက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကို သတင်းပေးပို့လို့ ဝင်ရောက်ရှာဖွေရာမှာဖမ်းဆီးရမိသူတွေရှိခဲ့ပါတယ်” (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ AA အမာခံတွေ များစွာကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်က ကယ်ဆေးရေးအကွက် (၁၁) ကို ဇူလိုင်လ ၁၆ ရက်ညက ဝင်ရောက်စီးနင်းကာ ပြည်သူ ရာနဲ့ချီကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခံရသူတွေဟာ ပြည်သူတွေဟာ ဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ ဒီအကြောင်းအရာဟာလည်း နိရဥ္စရာ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်သာဖြစ်ပြီး စစ်ကောင်စီထောက်ခံသူတွေဘက်က တန်ပြန် သတင်းအမှားဖြန့်ထားခြင်းသာဖြစ်ပါတယ်။
နိရဥ္စရာ သတင်းဌာနက ဖော်ပြထားတဲ့သတင်းကို ဒီနေရာမှာ ကြည့်ပါ။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်မှာ အထိနာနေကာ စစ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံနေရကာ ရာနဲ့ချီပြီး ဘင်္ဂလားဒေ့ချ်ဘက် ထွက်ပြေးတာတွေ၊ သေဆုံးမှုတွေ မြင့်တက်လာနေချိန်မှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့သတင်းတွေကို တန်ပြန်သတင်းအမှားတွေ ဖြန့်နေခြင်းသာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။