တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေက ပစ္စည်းတွေကို PDF တွေ ခိုးယူတယ်ဆိုတဲ့ သတင်းအတု
တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေအတွင်းက နေအိမ်တွေက ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ပျံ့နှံ့လျက်ရှိပါတယ်။
အဆိုပါ သတင်းအမှားကို စောစိုင်းမှိုင်းဝေ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၄ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ပျောက်ကြားဝတ်စုံဝတ်ထားပြီး သေနတ်လွယ်ထားတဲ့ လူငယ်တွေ ပစ္စည်းတွေဖြုတ်သယ်နေတဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။ အဆိုပါ ဓါတ်ပုံတွေနဲ့အတူ "တိုက်ပွဲဖြစ်ပွားနေသည့်နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် နေအိမ်များမှ ပစ္စည်းများအ PDFအကြမ်းဖက်များ ခိုးယူနေသည့် ဓာတ်ပုံများ Social Media ပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရပါတယ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေအတွင်းက လူနေအိမ်က ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ခိုးယူသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ လူနေအိမ်တွေက ပစ္စည်းတွေ သယ်ယူနေတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်က စစ်ကောင်စီတပ်တွေ စွန့်ခွါထွက်ပြေးသွားတဲ့ ဝင်းမနားနယ်မြေရဲစခန်းအတွင်းက ဓါတ်ပုံတွေဖြစ်ပြီး Myanmar Defense Force MDF နဲ့ KPDF (ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့မှ နယ်မြေရှင်းလင်းပြီး စခန်းတွင်းရှိ ပစ္စည်းတွေကို ပြည်သူပိုင် အဖြစ်သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။း
အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး Myanmar Defense Force က ထုတ်ပြန်ချက်ကို ဒီ Link မှာ ကြည့်ပါ။အဆိုပါ ဝင်းမနားနယ်မြေရဲ စခန်းကို စစ်ကောင်စီတပ်တွေ စွန်းခွါသွားပြီး PDF တွေက ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြည်သူပိုင်း သိမ်းခဲ့တဲ့ အကြောင်း သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာမှာ ကြည့်ပါ။