စစ်ကောင်စီတိုင်းရုံး ကို PDF တွေ ဖြိုချတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်ကောင်စီရဲ့ တိုင်းရုံးကို PDF တွေ ဖြိုချတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို LS Gaming 4 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့နောက်ခံဓါတ်ပုံပေါ်မှာ “စစ်ကောင်စီ စစ်တိုင်းရုံး PDF ဖြိုချပြီ” လို့ ရေးသားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း စစ်ကောင်စီရဲ့ စစ်တိုင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြိုချလိုက်ပြီလို့ ထပ်မံ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ စစ်တိုင်းရုံးကို PDF တွေ ဖြိုချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ စစ်တိုင်းရုံးတွေကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့် PDF ကမှ ဖြိုချထားနိုင်ခြင်း မရှိပါဘူး။ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေ ၊ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။