အင်းစိန်ထောင်ကို PDF တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့တယ်ဆိုတဲ့ သတင်းအတု
ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ကို PDF တွေ ဝင်ရောက် စီးနင်းပြီး မီးရှို့တယ်ဆိုတဲ့သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ည ၇ နာရီ ရှယ်လောင်နေပြီဟေ့။ ထိန်းမနိုင်တော့ဘူး။ အင်းစိန်ထောင် PDF တွေ စီးနင်းမီးရှို့ ထောင်သားတွေ ထွက်ပြေး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၅၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ကို PDF တွေ ဝင်ရောက် စီးနင်းပြီး မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မှာ မြို့ပြပျောက်ကျားတွေ၊ UG တွေရဲ့ လှုပ်ရှားမှုတွေ ပုံမှန်ရှိနေပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားလျှက်ရှိပါတယ်။ အင်းစိန်ထောင် အနီးအနားမှာလည်း ပေါက်ကွဲမှုတစ်ချို့ ယခင်လတွေက ရှိခဲ့ပြီး ကြီးမားတဲ့ တိုက်ခိုက်မှုတော့ ပြုလုပ်နိုင်ထားခြင်း မရှိပါဘူး။ အင်းစိန်ထောင်ကို ဝင်ရောက် စီးနင်းတာ၊ မီးရှို့တာတွေလည်း မရှိသေးသလို အင်းစိန်က ထောင်သားတွေ ထွက်ပြေးလွတ်မြောက်သွားတာလည်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။