ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို PDF တွေ သေနတ်နဲ့ ပစ်ခတ်တာ ဆိုတဲ့ သတင်းအတု
မန္တလေးတိုင်း ငါးဇွန်မြို့နယ်ထဲမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါ စီးနင်းလာတဲ့ ကားကို PDF တွေက သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတဆင့် ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “အကြမ်းဖက် PDF များ၏ သတ်ဖြတ်မှုကြောင့် မန္တလေးမြို့၌ ပျံလွန်တော်မူခဲ့သော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ သက်တော်(၇၈)နှစ်၊ ဝါတော်(၅၈)ဝါ၊ ခမည်းတော် ဦးထွန်းရွှေ၊ မယ်တော်ဒေါ်ကျေးရင်၏ ရုပ်ကလပ်တော်အား မန္တလေးမှ မြင့်မြတ်သူ ပရဟိတ လူမှုကူညီ ရေးယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ၀၃၅၅ အချိန်တွင် ကလျာဏီ ရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ရောက်ရှိခဲ့။” (အသုံးအနှုန်း မူရင်းဖော်ပြထားတဲ့အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးတိုင်း ငါးဇွန်မြို့နယ်ထဲမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါ စီးနင်းလာတဲ့ ကားကို PDF တွေက သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။
ဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော် မူပြီးနောက် စစ်တပ်ထောက်ခံသူတွေ စစ်တပ်ပိုင် မီဒီယာတွေကပါ PDF တွေ အကြမ်းဖက် ပစ်ခတ်တာလို့ ဖြန့်ထားပြီးနောက် အဆိုပါ ကားအပေါ် အတူလိုက်ပါလာတဲ့ ကန်သုံးဆင့် ဆရာတော် နဲ့ ကားယာဉ်မောင်းကို စစ်ဆေးမှုတွေ များစွာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို စစ်ဆေးမှုတွေ ပြုလုပ်အပြီးထိလည်း PDF တွေက ပစ်ခတ်တာလို့ပဲ စစ်တပ် ထောက်ခံသူတွေက သတင်းဖြန့်ခဲ့ပါတယ်။
ဒါပေမယ့် မျက်မြင်သက်သေဖြစ်တဲ့ ကန်သုံးဆင့် ဆရာတော်က စစ်ကောင်စီတပ်သားတွေ ဖောကား ပေါ်ကနေ သေနတ်နဲ့ ဝိုင်းဝန်း ပစ်ခတ်တာလို့ မိန့်ကြားခဲ့ပါတယ်။
ဒီပစ်ခတ်မှုဟာ ကျောက်က်ဆည် အခြေစိုက်စစ်တပ်နှင့် ငါးဇွန်ပျူစောထီးတို့ပါဝင်တယ်လို့ ပေါက်ကြားလာတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေအရ သိရကြောင်း Myanmar Now သတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။