မန္တလေး အိုးဘိုထောင်ကို PDF တွေသိမ်းလိုက်ပြီဆိုတဲ့ သတင်းအတု
မန္တလေးမြို့က အိုးဘိုထောင်ကို PDF တွေသိမ်းလိုက်ပြီး အကျဉ်းသားတွေ လွတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၁၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
ဒီ Video ရဲ့ နောက်ခံမှာ အင်းစိန်ထောင်ရဲ့ Google Map ဓါတ်ပုံတစ်ပုံရယ်၊ လက်နက်ကိုင်ထားသူ တွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အကျဉ်းသား ၉၀၀၀ လွတ်ပြီ။ မန္တလေးအိုးဘိုထောင် PDF သိမ်းပြီ။ အကျဉ်းထောင် အရာရှိကို ဖမ်းဆီးပြီး မီးရှို့သတ်၊ မုဒိမ်းမှု လူသတ်မှုနဲ့ ကျသူတွေကို တစ်ခါတည်း ပစ်သတ်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၂၀၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမြို့က အိုးဘိုထောင်ကို PDF တွေသိမ်းလိုက်ပြီး အကျဉ်းသားတွေ လွတ်ပေးလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မန္တလေးမြို့မှာ စစ်တပ် အာဏာသိမ်းပြီးစဉ်က အခုချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်လေ့ရှိပေမယ့် အိုးဘိုထောင်ကို PDF တွေ ဝင်သိမ်းတဲ့ ဖြစ်စဉ်တော့ အခုထိ မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။