NUG ရဲ့ နွေဦးထီ အရှုံးပေါ်လို့ ရပ်နားတော့မယ်ဆိုတဲ့ သတင်းအတု
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးရန်ပုံငွေအဖြစ်ရောင်းချနေတဲ့ နွေဦးထီကို အရှုံးပေါ်လို့ ရပ်နားတော့မယ် ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram ကနေတဆင့် လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေလာတာ ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ “NUG ရဲ့ နွေဦးထီ အရှုံးပေါ်နေသည့်အတွက် ရပ်နားတော့မည်” တဲ့ စာသားနဲ့ ငိုနေတဲ့ ပစ်တိုင်းထောင် ပုံလေးတွေကို ဓါတ်ပုံတစ်ပုံအဖြစ်ပြုလုပ်ထားပြီး “အရင်းအနှီးလည်း မစိုက်ရဘဲ။ ဘယ်လိုအရှုံးပေါ်သွားရပြန်တာလဲ..? မင်းတို့တွေ ဘယ်လိုလုပ်လိုက်လဲ တော့မသိဘူး။ ပစ်တိုင်းထောင်လေးတောင် မျက်ရည်တွေကျပြီး ဝမ်းနည်းနေပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ စစ်ကောင်စီရဲ့ ဝါဒဖြန့် telegram ချန်နယ်တွေကနေ လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေထားကြပြီး Like လုပ်ထားသူ ၊ ထပ်ဆင့်ဝေမျှထားသူ ရာနဲ့ချီ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တော်လှန်ရေး ရန်ပုံငွေအဖြစ် ပြုလုပ်ထာတဲ့ နွေဦးထီဟာ အရှုံးပေါ်လို့ ရပ်နားတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။
နွေဦးထီဟာ ရပ်နားခြင်း မရှိသလို့၊ အရှုံးပေါ်နေခြင်းလည်း မရှိပါဘူး။ ပုံမှန်အတိုင်းလည်ပါတ်နေဆဲသာဖြစ်ပြီး ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ အောင်လံလွှင့်ချီနွေဦးထီ ပေ့ချ်မှာလည်း ထီလက်မှတ်ရောင်းတာတွေ၊ ပေါက်မဲ ကြေညာတာတွေ လစဉ်ပြုလုပ်နေဆဲသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။