မန္တလေးမှာ NUG လူကုန်ကူးဂိုဏ်းကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု
မန္တလေးမြို့မှာ NUG လူကုန်ကူးဂိုဏ်းကို ဖမ်းမိတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဖမ်းဆီးရမိသူတွေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံအောက်မှာ “အကြမ်းဖက် NUG အဖွဲ့နှင့် ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ အဖွဲ့ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ “မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရ” လို့ ထပ်မံရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွက်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ချီထားကြပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးမြို့မှာ NUG လူကုန်ကူးဂိုဏ်းကို ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မန္တလေးမြို့မှ ဖမ်းဆီးရမိတဲ့ လူကုန်ကူဂိုဏ်းဟာ မြန်မာအမျိုးသမီးတွေကို တရုတ်မယားအဖြစ်ရောင်းစားတဲ့ ဂိုဏ်းဖြစ်ပြီး NUG နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီဂိုဏ်းကို ဦးဆောင်သူတွေဟာလည်း တရုတ်လူမျိုးတွေသာဖြစ်ပြီး မန္တလေးကျုံးအနီးမှာ Video ရိုက်ကူးကာ မက်လုံးတွေပေးပြီး ဆွဲဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
၎င်းတို့အဖွဲ့က ရိုက်ကူးထားတဲ့ Video တွေကို TikTok ပေါ်ဖြန့်ဝေပြီး လူကုန်ကူးမယ့်သူတွေ စုဆောင်းကာ တရုတ်သံရုံးကနေ Passport ရရှိပြီး ထွက်ခွါသွားနေသူတွေ ဖြစ်ပါတယ်။ ဒီလို လူကုန်ကူးနေတဲ့အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ လော်ဘီတွေက တယ်လီဂရမ်ချန်နယ်တွေကနေ ဒီအဖွဲ့ဟာ NUG နဲ့ ချိတ်ဆက်နေတယ်လို့ ထပ်မံ ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။