စစ်ကောင်စီနဲ့ NUG ဆွေးနွေးမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆွေးနွေးမယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိုင်လ ၂၄ ရက်နေ့မှာဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ဓါတ်ပုံရယ်၊ မင်းအောင်လှိုင်ရဲ့ဓါတ်ပုံရယ်၊ NUG အစိုးရဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “NUG အစိုးရနဲ့ အမြန်ဆုံးဆွေးနွေးမယ်လို့ ကြေညာ။ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် နေပြည်တော်ရောက်။ အရေးကြီးလို့ အမြန်ဆုံး ကြည့်ပေးကြပါ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်နဲ့ NUG ကြားမှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိသေးပါဘူး။ NUG ကလည်း နယ်မြေစိုးမိုးမှု ရအောင် တော်လှန်ရေးကိုသာ လုပ်နေသလို စစ်ကောင်စီကလည်း NUG နဲ့ ထောက်ခံသူတွေကို ချေမှုန်းဖို့ ဆောင်ရွက်နေဆဲသာဖြစ်ပါတယ်။ Video ထဲမှာ ဖော်ပြထားသလို တွေ့ဆုံဆွေးနွေးဖို့ မရှိသလို ဒေါ်ဇင်မာအောင် နေပြည်တော် ရောက်နေတယ်ဆိုတာလည်း သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။