နေပြည်တော်လေဆိပ်ကို NUG သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအတု
နေပြည်တော်လေဆိပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ မီးတွေလောင်နေတဲ့ ဓါတ်ပုံ ၂ ပုံနဲ့ လက်နက်ကိုင်ဆောင်ထားသူတွေပါဝင်တဲ့ ဓါတ်ပုံ တွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “နေပြည်တော်လေဆိပ် NUG သိမ်းပိုက်မှုကြီး လေယာဉ် (၂၂) စီး ပျက်စီး၊ အရမ်းအရေးကြီးလို့ မကျော်ပဲ ကြည့်ပေးကြပါ “(မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်လေဆိပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နေပြီး မြို့အတော်များများကို ခြိမ်းခြောက်ထားနိုင်ပါတယ်။ ဒါပမယ့် နေပြည်တော်ကိုတော့ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး လေဆိပ်ကိုလည်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကာ မည်သည့်အဖွဲ့ကမှ တိုက်ခိုက်သိမ်းယူနိုင်ခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။