NUG က နေပြည်တော်အချုပ်ထောင်ကို သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းအတု
နေပြည်တော်အချုပ်ထောင်နဲ့ မြို့မရဲစခန်းကို သိမ်းပိုက်ကာ နိုင်ခဲ့တယ်လို့ NUG က အတည်ပြုခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ အင်းစိန်ထောင်ကို အပေါ်စီးက ရိုက်ထားတဲ့ ဓါတ်ပုံရယ်၊ မီးလောင်နေတဲ့ ဓါတ်ပုံရယ်၊ လက်နက်ကိုင်ဆောင်ထားသူတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ကြားဖြတ် အထူးသတင်း၊ နေပြည်တော်အချုပ်ထောင်နဲ့ မြို့မရဲစခန်း သိမ်းပိုက်၊ ဒေါ်စုကို ကယ်ထုတ်နိုင်ခဲ့ဟု NUG အတည်ပြု” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၁၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်အချုပ်ထောင်နဲ့ မြို့မရဲစခန်းကို သိမ်းပိုက်ကာ နိုင်ခဲ့တယ်လို့ NUG က အတည်ပြုခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံ အနှံ့မှာ တိုက်ပွဲတွေရှုံးနှိမ့်ပြီး နယ်မြေတွေ ဆုံးရှုံးသွားပေမယ့် နေပြည်တော်ကိုတော့ လုံခြုံရေးတင်းကြပ်ကာ ထိန်းချုပ်ထားနိုင်ဆဲသာ ဖြစ်ပါတယ်။ နေပြည်တော်အချုပ်ထောင်ဟာ သိမ်းပိုက်ခံရခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်နိုင်ခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။