ရန်ကုန်လေဆိပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်လို့ သေကုန်ပြီဆိုတဲ့ သတင်းအတု
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်လို့ သေကုန်ပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံ ၃ ပုံကို တစ်စုတည်း ဖော်ပြထားကာ ဓါတ်ပုံပေါ်မှာ “ရန်ကုန်လေဆိပ် ငိုသံတွေ ပွက်လောရိုက်ပြီ။ NUG က ရှော့တိုက်ဒုံး (၃၃) လုံး ပစ်လို့ သေကုန်ပြီ။ မြို့သိမ်းပွဲ ကြေညာ၊ အရေးကြီးလို့ အမြန်ကြည့်ပါ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို NUG က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်လို့ သေကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မှာ စစ်တပ်အာဏာသိမ်းစဉ်ကနေ အခုထိ UG တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေပေမယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်ရော၊ လူတွေ များစွာသေဆုံးတဲ့ ဖြစ်စဉ်ရော မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။