NUG နဲ့ မဟာမိတ်တွေ ရန်ကုန်ကို ဝင်တိုက်နေပြီဆိုတဲ့ သတင်းအတု
NUG နဲ့ မဟာမိတ်တပ်တွေ ရန်ကုန်ကို ဝင်တိုက်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၁၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေရယ်၊ လူစုလူဝေးတစ်ခု ပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ယနေ့ည ရန်ကုန် လူသိန်းချီသေပြီ။ အရမ်းအရေးကြီးပြီ။ NUG နဲ့ မဟာမိတ် ရန်ကုန်ကို ဝင်ဆော်ပြီ။ ပြည်သူများလုံးဝ အပြင်မထွက်ကြပါနဲ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၁၇၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
NUG နဲ့ မဟာမိတ်တွေ ရန်ကုန်ကို ဝင်တိုက်နေပြီး လူသိန်းချီသေနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာဏာသိမ်းပြီးကာလထဲက ရန်ကုန်မှာ လှုပ်ရှားနေတဲ့ UG တွေ PDF တွေများစွာရှိနေပြီး ဒီရက်ပိုင်းအထိလည်း လှုပ်ရှားမှုတွေ ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် NUG နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့အခြေအနေ မရှိသေးသလို ရန်ကုန်မှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းလည်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။