နေပြည်တော်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်တိုက်လို့ မီးလောင်ပြာကျသွားပြီဆိုတဲ့ သတင်းအတု
နေပြည်တော်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်တိုက်လို့ မီးလောင်ပြာကျသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ AA ၊ TNLA ၊ MNDAA ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံရယ် လက်နက်ကိုင်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “နေပြည်တော်ကို မြောက်ပိုင်းညီနောင်နဲ့ PDF တပ်ပေါင်းစုမှ လူ (၃) သိန်းနဲ့ ရုတ်တရက် ဝင်တိုက်လို့ မီးလောင်ပြာကျကုန်ပြီ။ ပြည်သူများ အရေးပေါ် ရှောင်ပေးကြပါ။ ထူးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်တိုက်လို့ မီးလောင်ပြာကျသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
နေပြည်တော်ကို မည်သည့်တပ်ဖွဲ့ကမှ ဝင်တိုက်ခိုက်ခြင်း မရှိသလို မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သွားရောက် တိုက်ခိုက်ခြင်းလည်း မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပစ်ရပ်မှုရှိပေမယ့် မြောက်ပိုင်း ညီနောင် မဟာမိတ်ထဲက AA နဲ့တော့ တိုက်ပွဲ ပြင်းထန်နေဆဲသာ ဖြစ်ပါတယ်။ ညီနောင် ၃ ဖွဲ့ အနေနဲ့ရော တစ်ဖွဲ့စီအနေနဲ့ရော နေပြည်တော်ကို ချီတက် တိုက်ခိုက်နေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။