မြိုင် PDF က ကလေးငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတယ်ဆိုတဲ့ သတင်းအမှား
မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်တွေက ကလေးငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတယ် ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ စကားဝါပန်းလေးဆိုတဲ့ အကောင့်က တင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံ ၄ ပုံ အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံ ၄ ပုံပေါ်မှာ (2022/2/1) ၁ ရက် ၂ လ ၂၀၂၂ ခုနှစ် ရက်စွဲပါရှိပြီး ကျောင်းစိမ်းဝတ်စုံပြည့် ဝတ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သပိတ်မှာ တပ်ဦးအလံကိုင်ဆောင်ထားသူတွေ ပါဝင်ပြီး ဘေးပါတ်လည်မှာ သေနတ်ကိုင်ထားတဲ့ လူငယ်တွေက အဆိုပါ ဆန္ဒပြသူတွေရဲ့ ပါတ်လည်မှာ မက်တပ်ရပ်နေကြတာ တွေ့ရပါတယ်။ ၄င်း ဓါတ်ပုံတွေနဲ့အတူ "မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ" (မူရင်းအသုံးအနှုန်းအတိုင်း) လို့ ရေးသားဖြန့်ဝေထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူတွေနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ များစွာရှိနေပြီး တခြားဖေစ့်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြဆဲ ဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို ဆန္ဒပြခိုင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှားသက်သက် ဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ ဓါတ်ပုံတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့ရက် အသံတိတ်သပိတ်ပြီးဆုံးချိန်မှာ မြိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ကာ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ သပိတ်ကော်မတီဝင်တွေက သပိတ်တရားတွေ ဟောပြောခဲ့တဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။
အဆိုပါ ဓါတ်ပုံထဲက ကျောင်းစိမ်းအင်္ကျီ ဆင်တူ ဝတ်ဆင်ထားတဲ့သူတွေဟာ အဆိုပါ သပိတ်မှာ ပါဝင်ခဲ့တဲ့ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ က ကျောင်းသားတွေဖြစ်ပြီး ၎င်းသပိတ်မှာ ပြည်သူလူထုတွေပါ ပူးပေါင်း ပါဝင်ပြီး ဒေသခံကာကွယ်ရေး တပ်တွေက လုံခြုံရေး ယူပေးထားကြတာပဲ ဖြစ်ပါတယ်။
အဆိုပါ သတင်းအကြောင်း မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ ကတင်ထားတဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဆက်တိုက်တင်နေတာကို တွေ့ရပါတယ်။