မင်းအောင်လှိုင်ရဲ့ လေယာဉ်ဆင်းခွင့်တွေ ပိတ်သိမ်းပြီး လေဆိပ်အားလုံး ထိန်းချုပ်ခံရ ဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ်ဆင်းခွင့် အားလုံးပိတ်သိမ်းပြီး လေဆိပ်တွေ ထိန်းချုပ်ခံရတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ လေယာဉ်တစ်ဆင်းနောက်ခံနဲ့ ခေါင်ဆောင်ပိုင်းတစ်ချို့ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦးရယ် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ကြားဖြတ်သတင်း သေတာထက် ဆိုးပြီ။ ၂၈ ရက်နေ့ မအလ လေယဉ်ဆင်းခွင့် ပိတ်သိမ်း။ လေဆိပ်အားလုံး ထိန်းချုပ်ခံရ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ်ဆင်းခွင့် အားလုံးပိတ်သိမ်းပြီး လေဆိပ်တွေ ထိန်းချုပ်ခံရတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်ကို US အပါအဝင် အနောက်နိုင်ငံ အများစုက ပိတ်ဆို့ အရေးယူထားပေမယ့် သတင်းအမှားထဲမှာ ဖော်ပြထားသလို လေယာဉ်ဆင်းခွင့်ပိတ်တာတွေ၊ လေဆိပ်တွေ ထိန်းချုပ်ခံရတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ စစ်ကောင်စီကို အသိအမှတ်ပြုဆဲ နိုင်ငံတွေနဲ့ သွားလာ ဆက်ဆံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။