စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို ကြေညာတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ဒီရက်ပိုင်းအတွင်းမှာပဲပျံ့နှံ့လာပါတယ်။

အဆိုပါ သတင်းအတုကို Elvis Cruz ဆိုတဲ့ Facebook Page တစ်ခုက တင်ထားတာဖြစ်ပြီး Website တစ်ခုရဲ့ Link ကို Share ကာ "july 24ပင်စင်ယူမယ့်ရက် တိကျကြေငြာလိုက်တဲ့မအလ။ မအလရှောင်ပြေးပြီ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ link ရဲ့ ဓါတ်ပုံထဲမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ၎င်းက ခေါင်းရှောင်ပြေးပြီဖြစ်ကြောင်း ပင်စင်ယူမယ့်ရက်ကို အတိအကျ ကြေညာလိုက်ပြီဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် News in Burmese ဆိုတဲ့ YouTube Channel တစ်ခုကလည်း အဆိုပါ သတင်း Video ကို တင်ထားပါတယ်။ ၎င်း သတင်း Video ဟာ ၁၀ မိနစ်နဲ့ ၁၉ စက္ကန့် ကြာမြင့်ပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တစ်ခြား ဖေ့စ်ဘွတ်အေကာင့်တွေ လူများတဲ့ Group တွေထဲ မျှဝေနေကြသလို Page တစ်ချို့မှာလည်း ကူးယူဖော်ပြနေကြပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက် ကြေညာလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့် သက်တမ်းကုန်ဆုံးခါနီးမှာ နောက်ထပ် ၅ နှစ် သက်တမ်းတိုးက ကာချုပ် သက်တမ်း ၆၅ နှစ်အထိလို့ ပြောင်းလဲကာ ၎င်းရာထူးကို ဆက်ယူထားခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ထပ်မံတိုးမြင့်ထားတဲ့ ၅ နှစ် သက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇူလှိုင်လထိ ဖြစ်ခဲ့ပြီး ၎င်းသက်တမ်းမကုန်ဆုံးခင်မှာ မတ်လ ၅ ရက်နေ့က ထုတ်ပြန်တဲ့ နိုင်ငံတော် ပြန်တမ်းမှာ ယခင်ထုတ်ပြန်ခဲ့တဲ့ ၆၅ နှစ်သက်တမ်းဆိုတာကို ပယ်ဖျက်ပြီး အကန့်အသတ်မဲ့ ၎င်းရာထူးကို ဆက်ယူထားခဲ့ပါတယ်။ ကာချုပ် သက်တမ်း ၆၅ နှစ်ကို ပယ်ဖျက်ပြီး အကန့်အသတ်မဲ့ ရာထူးယူထားတဲ့ အကြောင်း ဒီနေရာမှာ ဖတ်ပါ။
စစ်ခေါင်းဆောင်ဟာ လက်ရှိအချိန်ထိ အာဏာကို ယူထားပြီး ပင်စင်ယူမယ့်အကြောင်း လုံးဝ ထုတ်ဖော်ပြောဆိုထားခြင်း မရှိတဲ့အတွက် CDM အရာရှိတစ်ဦးက ၎င်းဟာ မသေမချင်း ကာချုပ်လုပ်ဖို့ စီစဉ်နေတယ်လို့ DVB သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ DVB သတင်းကို ဒီနေရာမှာ ဖတ်ပါ။
သတင်းအမှားဖြန့်ထားတဲ့သူတွေတင်ထားတဲ့ Video ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ လူအများစိတ်ဝင်စားအောင်၊ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ Cilckbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ကြောင်း တွေ့ရပါတယ်။