မင်းအောင်လှိုင်နဲ့စိုးဝင်း ရာထူးက နုတ်ထွက်ဖို့ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ ရာထူးက နုတ်ထွက်ဖို့ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ် နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုဖျက်သိမ်းလိုက်ပြီး ရာထူးမှ နှုတ်ထွက်ဖို့ ကြေညာလိုက်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းရဲ့ ဆုံးဖြတ်မှုကြီး” (သတ်ပုံ မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ ရာထူးက နုတ်ထွက်ဖို့ ကြေညာလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရော၊ စိုးဝင်းရော ရာထူးက နုတ်ထွက်ဖို့ ကြေညာထားခြင်း မရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခြင်းလည်း မရှိပါဘူး။ ၎င်းတို့ရဲ့ စစ်အာဏာသိမ်းထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။