စစ်ကောင်စီတပ်သားတွေ လေယာဉ်ယူပြီး NUG နဲ့ ပူးပေါင်းပြီဆိုတဲ့ သတင်းအတု
စစ်ကောင်စီတပ်သားတွေ လေယာဉ်တွေ ယူဆောင်ပြီး NUG နဲ့ ပူးပေါင်းတဲ့အတွက် စစ်ကောင်စီ ဇာတ်သိမ်းပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို Sotan Vichekal ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၉ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တစ်မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ရဟက်ယာဉ်တစ်စီးရယ် စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံရဲ့ အပေါ်မှာ “မင်းအောင်လှိုင် ခွေးဖြစ်ပြီ။ စစ်သားတွေ လေယာဉ်ယူပြီး NUG နဲ့ ပူးပေါင်း။ ပွဲသိမ်းပြီဟေ့” လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “သမိုင်းတွင်တဲ့နေ့ဟေ့။ စစ်သားတွေလေယဥ်ယူပြီး NUGနဲ့ပူးပေါင်း။ မအလဇတ်သိမ်းပြီ” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီတပ်သားတွေ လေယာဉ်ယူပြီး NUG နဲ့ ပူးပေါင်းပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်သားတွေ လေယာဉ်နဲ့အတူ CDM လုပ်ဖို့ NUG က ဆုကြေးတွေနဲ့ ကမ်းလှမ်းထားပေမယ့် လေယာဉ်နဲ့ ပူးပေါင်းတဲ့ဖြစ်စဉ်မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ မြန်မာအရေး အာဆီယံ ဆွေးနွေးတဲ့ သတင်းတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။