နေပြည်တော်မှာ အရာရှိတွေ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းအတု
နေပြည်တော်မှာ ဗိုလ်ချုပ်စိုးဝင်းရဲ့ အရာရှိတွေ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ တန်းစီနေတဲ့ဓါတ်ပုံရယ် သတင်းကြေညာသူတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ ယနေ့ သတင်းထူး၊ မအလ အကြီးအကျယ်နားကား၊ စိုးဝင်းရဲ့ အရာရှိတွေ ပစ်ခတ်မှုဖြစ်ပွားဈ နေပြည်တော်မှာ စစ်ကောင်စီအဖွဲ့တွေ ကွဲပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်မှာ ဗိုလ်ချုပ်စိုးဝင်းရဲ့ အရာရှိတွေ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မဘသ အဖွဲ့တွေက မင်းအောင်လှိုင်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှု ထွက်ပေါ်ခဲ့တဲ့ ရက်ပိုင်းမှာ ဗိုလ်ချုပ်စိုးဝင်းကို ကာချုပ်ခန့်မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး သတင်းအမှားတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။
စစ်ကောင်စီဗိုလ်ချုပ် စိုးဝင်းရဲ့ အရာရှိတွေ ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသလို နေပြည်တော်မှာလည်း မည်သည့်ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။