စစ်ကောင်စီခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ထိုင်းလေဆိပ်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ထိုင်းလေဆိပ်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကို နွေဦးတော်လှန်ရေးအမည်ခံ ယူကျုချန်နယ်တစ်ခုကဖြန့်ဝေလာပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပြီး Video ရဲ့ နောက်ခံမှာ သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၉ ရက်နေ့ အရေးပေါ်သတင်း၊ မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် ထိုင်းလေဆိပ်မှာ ပစ်သတ်ခံရ၊ အရေးပေါ်ဆေးရုံမှာ သေဆုံး၊ ဝဋ်လည်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှုထားသူ သုံးသောင်းနီးပါး ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ထိုင်းလေဆိပ်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်ရဲ့ သမီးဖြစ်သူဟာ မည်သည့်နေရာမှာမှ ပစ်သတ်ခံရခြင်းမရှိသလို၊ ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားသူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။