စစ်ကောင်စီဗိုလ်ချုပ်ကြီး စိုးထွဋ် အူမကြီးကင်ဆာနဲ့ သေဆုံးသွားပြီဆိုတဲ့ သတင်းအတု
စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစိုးထွဋ် အူမကြီးကင်ဆာနဲ့ ခွဲစိတ်ခန်းမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ကို Cilckbaits နဲ့ ဝင်ငွေရှာနေတဲ့ YouTube ချန်နယ်တစ်ခုက စတင်ဖြန့်ဝေထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တစ်ချို့ကလည်း ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။ ဒီ သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီဗိုလ်ချုပ် စိုးထွဋ်ရဲ့ ဓါတ်ပုံရယ် ၊ နာရေးတစ်ခုရဲ့ ဓါတ်ပုံရယ်ကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ အကောင်ကြီး (၁) လျော့ပြီ၊ အူမကြီးကင်ဆာနဲ့ ဗိုလ်ချုပ်ကြီးစိုးထွဋ် ခွဲစိတ်ခန်းမှာ ဗိုက်ခွဲတန်းလန်းသေဆုံး” (အသုံးအနှုံး မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “ဗိုလ်ချုပ်ကြီးစိုးထွဋ် နေပြည်တော်မှာအရေးပေါ်ပြီ” လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စိုးထွဋ် အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဗိုလ်ချုပ်စိုးထွဋ်ဟာ ကွယ်လွန်သွားခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနကမှ ဖော်ပြထားခြင်း မရှိပါဘူး။ ဗိုလ်ချုပ်စိုးထွဋ်ဟာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ ခေတ်သစ် ဧပြီလ ခန့်က စတင်ဖော်ပြခဲ့ပြီး ဒီရက်ပိုင်းမှာ ကင်ဆာအတွက် ကုသမှုခံနေတယ်လို့ သတင်းရထားကြောင်း ထပ်မံ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ မြဝတီသတင်း Website မှာတော့ ဗိုလ်ချုပ်စိုးထွဋ်ရဲ့တာဝန်ထမ်းဆောင်နေတဲ့ပုံတွေကို ဇွန်လကုန်နားထိ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ Video ထဲမှာလည်း ဗိုလ်ချုပ်စိုးထွဋ် သေဆုံးသွားတယ်ဆိုတဲ့ သတင်း မပါဝင်ပါဘူး။ ခေတ်သစ်က ဖော်ပြထားတဲ့ စိုးထွဋ် အူမကြီးကင်ဆာအတွက် ဆေးကုသမှု ခံနေတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။