ဗိုလ်ချုပ် အောင်လင်းဒွေး နေအိမ်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ဗိုလ်ချုပ်အောင်လင်းဒွေး နေအိမ်မှာ ပစ်သတ်ခ့ရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ အရေးပေါ်လူနာတစ်ဦးရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၄ ရက်နေ့ သတင်းထူး။ ဝဋ်လည်ပြီဟေ့ ဗိုလ်မှူးချုပ် အောင်လင်းဒွေး နေအိမ်မှာ ပစ်သတ်ခံရ (ရုပ်/သံ) အလောင်းထုတ် ကြည့်ရဲမှ ကြည့်ပါ။ အတည်ပြုပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၅၇၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ဗိုလ်ချုပ်အောင်လင်းဒွေး နေအိမ်မှာ ပစ်သတ်ခ့ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဗိုလ်ချုပ်အောင်လင်းဒွေး အပါအဝင် မည်သည့် ထိပ်ပိုင်း ပုဂ္ဂိုလ်မှ ပစ်သတ်ခံရခြင်း မရှိပါဘူး။ အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကော်လင်းမြို့၊ ရခိုင်၊ ကချင်၊ ကရင် နဲ့ ချင်းပြည်နယ်တို့မှာ အရေးနှိမ့်ပြီး စခန်းတွေ သိမ်းခံနေရပေမယ့် စစ်ကောင်စီဗိုလ်ချုပ်တွေ ရှိတဲ့ နေပြည်တော်ကိုတော့ တိုက်ခိုက်နိုင်ခြင်း မရှိသေးသလို အောင်လင်းဒွေးဟာလည်း စစ်ကောင်စီ ခေါင်းဆောင်ရဲ့ အနီးဆုံး လူအဖြစ် ၎င်းရဲ့ တာဝန်တွေ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆက်မြို့မှာ လက်နက်တိုက် ပေါက်ကွဲပြီး မီးလောင်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။