စစ်တပ်နဲ့ NLD ဆွေးနွေးနေပြီဆိုတဲ့ သတင်းအတု
စစ်တပ်နဲ့ NLD ဆွေးနွေးနေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို Record Esports ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ “စစ်တပ်နဲ့ NLD ဆွေးနွေးနေပြီ။ ဒုတိယအကြိမ် ဆွေးနွေးရင် ဒေါ်စု ပါဝင်မည်။ ငြိမ်းချမ်းရေး လမ်းစပဲဟေ့” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်နဲ့ YouTube စာမျက်နှာပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်တပ်နဲ့ NLD ဆွေးနွေးနေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ NLD ပါတီဟာ ဆွေးနွေးနေခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်ဆွေးနွေးမယ်ဆိုတဲ့ သတင်းအတုသာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက NLD ပါတီနဲ့ ပတ်သက်တဲ့သူတွေကို ဖမ်းဆီးနေဆဲဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှားထဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးလုပ်ငန်း တစ်ချို့ကို EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူဆိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။