ကိုမင်းကိုနိုင်ကို ဖမ်းမိသွားပြီဆိုတဲ့ သတင်းအတု
၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ဖြန့်ဝေထားပါတယ်။
အဆိုပါ သတင်းအတုကို KAKA Drama ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာသူတစ်ဦးရယ် ဦးမင်းကိုနိုင်ရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ပြည်သူတွေ ရင်ကျိုးရပြန်ပြီ။ ကိုမင်းကိုနိုင်ကို ဖမ်းမိသွားပြီ။ ၁၈ ရက်နေ့ ပြည်သူအရှေ့ ကြိုးပေးသတ်ပြမယ်တဲ့” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “စိတ်ခိုင်မှကြည့်ကြပါ။ မင်းကိုနိုင်ကို ဖမ်းမိသွားပြီ။ ကိုဂျင်မီတို့လို ကြိုးမိန့်တဲ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို ဝင်ရောက်ကြည့်ရှု့ထားသူ ၅၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃ သိန်း ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိပြီး ကြိုးမိန့်ပေးတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူတွေရေးသားထားသလို ကိုမင်းကိုနိုင်ကို ဖမ်းမိခြင်းလည်း မရှိသလို ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ရှိမနေပါဘူး။ စစ်ကောင်စီရဲ့ လွတ်မြောက်ဒေသ တစ်ခုမှာ ဘေးကင်းစွာရှိဆဲဖြစ်သလို စစ်ကောင်စီဆန့်ကျင်ရေးတွေ ဆက်လုပ်နေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှားတင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ စစ်ကောင်စီက ပေးလိုက်တဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေအကြောင်းနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ပြောကြားထားတဲ့သတင်းသာ ပါဝင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားကာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။