KIA နဲ့ PDF တွေက ဗန်းမော်စျေးထဲက တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအတု
KIA နဲ့ PDF တွေက ဗန်းမော်စျေးထဲက တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားထဲမှာ “ကချင်အစွန်းရောက် အကြမ်းဖက် KIA+PDF အဖွဲ့များမှ ဗန်းမော်စျေးကြီးအတွင်းမှ တန်းဖိုးရှိပစ္စည်းများကို ခိုးယူပြီးနောက် စျေကြီးကို မီးရှို့ဖျက်ဆီးနေ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်ပေါင်းများစွာနဲ့ Facebook အကောင့်တွေမှာပါ ဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
KIA နဲ့ PDF တွေက ဗန်းမော်စျေးထဲက တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေဟာ ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် တစ်မြို့လုံး မီးလောင်ကျွမ်းနေပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ မီးလောင်နေတယ်ဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားကြပါတယ်။
သတင်းအမှားဖြန့်သူတွေက ခေတ်သစ်မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းအကြောင်းအရာနဲ့ ဓါတ်ပုံကိုယူပြီး KIA နဲ့ PDF တွေက ဗန်းမော်စျေးကြီးကို မီးရှို့ပြီး တန်ဖိုးကြီး ပစ္စည်းတွေ ခိုးယူနေတယ်လို့ သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။