အင်းစိန်ထောင်မီးရှို့ပြီး အကျဉ်းသားအားလုံး လွတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းအတု
အင်းစိန်အကျဉ်းထောင်ကို မီးရှို့ပြီး အကျဉ်းသားအားလုံး လွတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးတွေ လောင်ကျွမ်းနေတဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “Breaking News မြို့ထဲ ပွက်လောက်ရိုက်ကုန်ပြီ။ ရန်ကုန်မြို့ သွေးချောင်းစီးပြီ။ PDF တွေ သိန်းချီ ဝင်စီး။ အင်းစိန်ထောင်ကို မီးရှို့၊ အကျဉ်းသား အကုန်လွတ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အင်းစိန်အကျဉ်းထောင်ကို မီးရှို့ပြီး အကျဉ်းသားအားလုံး လွတ်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်မှာ UG အဖွဲ့တွေရဲ့ လှုပ်ရှားမှုအနည်းငယ် ရှိပေမယ့် သတင်းအမှားထားမှာ ဖော်ပြထားသလို ရန်ကုန်ကို PDF သိန်းချီဝင်စီးပြီး သွေးချောင်းစီးနေပြီဆိုတဲ့ ဖြစ်စဉ်လည်းမရှိသလို အင်းစိန်ထောင်ကို မီးရှို့တဲ့ဖြစ်စဉ်လည်း မရှိပါဘူး။ အကျဉ်းသားအကုန်လုံး လွတ်ပေးတယ်ဆိုတာလည်း လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။