စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခဲ့တဲ့ အင်းလေး ဖောင်တော်ဦးဘုရားပွဲ ဒရုန်းနဲ့ ဗုံးကျဲခံရ ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ဒရုန်းနဲ့ ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် နဲ့ ဇနီးဖြစ်သူတို့ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ အင်းလေး ဖောင်တော်ဦးဘုရားပွဲ ကျင်းပနေတဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၃ ရက်နေ့ အရေးပေါ်သတင်း၊ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ ဇနီးတက်ရောက်ခဲ့တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ဒရုန်းနဲ့ ဗုံးကျဲခံရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ စစ်ကောင်စီရဲ့ ဇနီးနဲ့ တစ်ခြားသူတွေလည်း သေဆုံးသွားတယ်လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၃၆၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ဒရုန်းနဲ့ ဗုံးကြဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူဟာ အင်းလေး ဖောင်တော်ဦးဘုရားပွဲကို တက်ရောက်ခဲ့ပေမယ့် ဒီဘုရားပွဲကို ဒရုန်းနဲ့ ဗုံးကြဲခံရခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးသွားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာလည်း ဖောင်တော်ဦး ဘုရားပွဲမှာ စစ်ကောင်စီခေါင်းဆောင် တီးခတ်တဲ့ စည်တော်ပေါက်သွားတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။