ဗိုလ်ချုပ်စိုးဝင်းက ကြေးစားတပ် ငှားတိုက်မယ်ဆိုတဲ့သတင်းအတု
စစ်ကောင်စီဗိုလ်ချုပ် စိုးဝင်းက ကြေးစားတပ် ငှားတိုက်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီဗိုလ်ချုပ်တွေရယ် တစ်ခြားစစ်သား ၂ ယောက်ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “စိုးဝင်းက ကြေးစားတပ် ငှားတိုက်မယ်တဲ့လား၊ ဗိုလ်မှူးချုပ် (၃) ဦး သေဒဏ်ချလိုက်ပီ။ …” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီဗိုလ်ချုပ် စိုးဝင်းက ကြေးစားတပ် ငှားတိုက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ အခုထိ အထိနာနေပြီး ၎င်းတို့ လက်အောက်ခံ BGF တွေကပါ ခွဲထွက်ကုန်တဲ့အတွက် စိုးဝင်းကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့တာ ရှိပေမယ့် ကြေးစားတပ် ငှားတိုက်ဖို့ ပြောဆိုထားခြင်းတော့ မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။