စစ်ကောင်စီ ဒုချုပ်စိုးဝင်း ပစ်သတ်ခံရ ဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ လေယာဉ်တစ်စီးပါဝင်တဲ့ ဓါတ်ပုံရယ်၊ စနိုက်ပါနဲ့ ပစ်ဖို့ချိန်နေတဲ့ လက်နက်ကိုင်ဆောင်ထားသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဦးခေါင်းပေါက်ထွက်တာ၊ ဒုချုပ်စိုးဝင်း ပစ်သတ်ခံရ၊ တပ်မတော်ယာဉ်ဖြင့် ဆိုက်ရောက်လာချိန်၊ အထူးစနိုက်ဘာဖြင့်၊ ဦးခေါင်းပစ်ခံရပြီး သေဆုံး” (သတ်ပုံ မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း စနိုက်ပါနဲ့ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရခြင်း မရှိသလို သေဆုံးခြင်းလည်း မရှိပါဘူး။ တစ်ခြား မည်သည့် ထိပ်တန်း ခေါင်းဆောင်ပိုင်း စစ်ဗိုလ်ချုပ် မှ စနိုက်ပါနဲ့ ပစ်ခတ်ခံရခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။