ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီတပ်တွေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် ကိုနေမျိုးဇင် ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အမေစု လွတ်မေဆိုတဲ့သတင်း၊ နေမျိုးဇင် ပြောပြီဗျာ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီတပ်တွေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး နေရာပြောင်းရွေ့ခြင်း၊ ပြန်လွတ်ပေးဖို့ စီစဉ်ခြင်း မရှိသလို အယူခံဝင်ထားတဲ့ အမှုတွေကိုလည်း ပယ်ချပြီး ဖမ်းဆီးထားဆဲသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်သူတွေဟာ ၂ သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေတဲ့အချိန်ခန့်က ကိုနေမျိုးဇင် ပြောထားတဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် Video အဟောင်းကို ပြန်ယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မယ်လို့ ကိုနေမျိုးဇင် ပြောတယ်ဆိုပြီး သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။