ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆိုးရွားလို့ ဆေးရုံ တင်ထားရတယ်ဆိုတာမဟုတ်ပါ
စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်ဆိုတဲ့ သတင်းအတုတွေဒီရက်ထဲပျံ့နှံ့လာပါတယ်။
အဆိုပါ သတင်းအတုကို New Update ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဇူလှိုင်လ ၂၂ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ ၁၉ မိနစ်နဲ့ ၁၈ စက္ကန့်ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားပြီး "ဒေါ် အောင်ဆန်းစုကြည်၏အရေးပေါ် သတင်း" လို့ ရေးသားထားပါတယ်။ ဒီခေါင်းစဉ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံပေါ်မှာ "သတင်းဆိုးကြီး ၊ ကျန်းမာရေးအခြေအနေဆိုးရွားနေ၍ နေပြည်တော် စစ်ဆေးရုံမှာ တင်ထားရတဲ့" လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅ သောင်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃ ထောင်နီးပါးရှိကာ တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တွေ YouTube ချန်နယ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေလို့ နေပြည်တော် စစ်ဆေးရုံမှာ ကုသနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရက်ပိုင်း သတင်းတွေကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပြီး ကျန်းမားရေး အခြေအနေ ဆိုးရွားနေခြင်းမရှိသလို စစ်ဆေးရုံမှာ ကုသနေရခြင်းလည်း မရှိပါဘူး။ မြန်မာနောင်း သတင်းတစ်ပုဒ်မှာတော့ လက်ရှိနေထိုင်ရတဲ့ နေပြည်တော်အချုပ်ထောင်က အဆောင်မှာ မိုးလေမလုံတဲ့ဒဏ် ကြုံတွေ့နေရပြီး၊ အနေအစားဆင်းရဲကာ နဂိုကထက် အနည်းငယ်ပိန်သွားပေမယ့် ကျန်းမာရေးကောင်းမွန်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ Myanmar Now သတင်းကို ဒီနေရာမှာ ဖတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဆေးရုံတက်ရောက်နေရတယ်ဆိုတဲ့ သတင်းကို မည်သည့်သတင်းဌာနမှာ မှလည်း ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်ထားတဲ့ Video ထဲမှာလည်း ပါဝင်နေခြင်း မရှိပါဘူး။ သတင်းခေါင်းစဉ်မှာသာ အခုလို ဖြန့်ဝေထားပေမယ့် Video အတွင်းမှာတော့ "လေတပ်အရာရှိ ဗိုလ်ကြီးဝေလင်းခိုင် အပါအ ဝင် လေတပ် တပ်ဖွဲ့ဝင် ၅ ဦးကို စစ်တပ်က စစ် ကြောရေးတွင် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေ။ မိုး၊ လေမလုံသည့်ဒဏ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆိုတဲ့ သတင်း၊ ICJ မှာ မြန်မာရဲ့ ကနဦး ကန့်ကွက်ချက် ယနေ့ည ၇ နာရီခွဲမှာ တရားရုံးက အမိန့်ချမှတ်ဆိုတဲ့ သတင်း တွေကိုသာ ဖော်ပြထားပါတယ်။ သတင်းခေါင်းစဉ်မှာ ရေးသားထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ဟာ သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ကာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ တင်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။