ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ် ပြန်ရောက်ပြီဆိုတဲ့ သတင်းအတု
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ် ပြန်ရောက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ဇွန်လ ၂၀ ရက်နေ့က MAYA HH ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ အပေါ်မှာ “အမေစု ရန်ကုန်နေအိမ် ပြန်ရောက်ပြီ” လို့ ရေးသားထားပြီး စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ ဓါတ်ပုံတွေ၊ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေ၊ PDF တွေရဲ့ ဓါတ်ပုံတွေကို နောက်ခံအဖြစ် အသုံးပြုထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် နေအိမ် ပြန်ရောက်နေပြီဖြစ်ကြောင်း ထပ်မံရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် နေအိမ် ပြန်ရောက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ မှုအတွက် ထောင်ဒဏ်တွေ မတရားချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရဆဲဖြစ်ပြီး ရန်ကုန်နေအိမ်ကို ပြန်ရောက်ခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီကြောင်း၊ ရန်ကုန်နေအိမ်ကို ပြန်ရောက်ပြီဖြစ်ကြောင်း မကြာခဏ ဖြန့်ဝေလေ့ရှိကြပါတယ်။
ယခင် ထွတ်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု
နေပြည်တော် ထောင်ခါလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု