ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီ ဆိုတဲ့ သတင်းအတု
ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီဆိုပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ်ရေးသား ဖြန့်ဝေနေတဲ့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ PKS Channel ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အမေဒေါ်စု ဝန်ခံလိုက်ပြီဆိုတဲ့ သတင်းထူး။ ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီ’ ဆိုပြီး ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ မည်သည့်အကြောင်းအရာကို ရည်ရွယ်မှန်းမသိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီလို့ ရေးသားထားမှုဟာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ကြည့်စေဘို့ တမင်ရည်ရွယ်ထားတာ ဖြစ်ပြီး ၂၄ နာရီအတွင်း ကြည့်ရှု့သူ ၈ သိန်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။