အာဏာနည်နေ့အမီ ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းခွင့်ရဆိုတဲ့သတင်းအတု
အာဇာနည်နေ့အမီ ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းခွင့်ရတယ်ဆိုတဲ့သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေရယ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်ကို မဆဲခင် ဒါကိုအရင်ကြည့်။ အာဇာနည်နေ့အမီ အမေစုလွှတ်ငြိမ်းခွင့်ရ။ ပုံနဲ့တကွ မင်းအောင်လှိုင် ကမ္ဘာသိ ချပြပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၅၁၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဇာနည်နေ့အမီ ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းခွင့်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုကာ ဖမ်းဆီးထားဆဲဖြစ်ကာ အထူးအယူခံတွေကိုလည်း ထပ်မံပယ်ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအချိန်ထိ နေပြည်တော်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်ပေးခြင်း လုံးဝ မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။