ဒေါ်စုကို ပြန်လွှတ်ပေးတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ထပ်မံထွက်ပေါ်လာပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၇ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်အဖြစ် ဖြန့် ဝေထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ သတင်းကြေညာသူ တစ်ဦးပုံပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်ကနေ လူအုပ်ကြားထဲ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို သုံးထားကာ ဓါတ်ပုံပေါ်မှာ “၇ ရက်နေ့ တနိုင်ငံလုံး ကခုန်ကြပြီ။ WMD တရားဝင် အတည်ပြု ကြေညာလိုက်ပြီဗျို့။ အမေစု လွတ်ငြိမ်းခွင့်ရပြီဟေ့။ ရန်ကုန်ရှိ ခြံအမှတ် (၅၄) သို့ ပြန်ပို့ ပေးကြပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှုထားသူ ၂၄၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကို ပြန်လွှတ်ပေးလိုက်ပြီး ခြံအမှတ် ၅၄ ကို ပြန်ရောက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ပြန်လွှတ်ပေးခြင်း မရှိသလို ရန်ကုန်က ခြံအမှတ် ၅၄ ကိုလည်း ပြန်ရောက်လာခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှု ၆ မှု အတွက် အယူခံတွေကို စစ်ကောင်စီ အထူးတရားရုံးက ပယ်ချလိုက်တဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။