ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီဆိုတဲ့ သတင်းအတု
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သမ္မတ ဦးဝင်းမြင့်တို့ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဗိုလ်ချုပ်မွေးနေ့မှာ အမေစုနဲ့ သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၁၇၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို မတရာအမှုတွေနဲ့ ဖမ်းဆီးထားပြီး နေပြည်တော်အချုပ်ထောင်နဲ့ တောင်ငူအချုပ်ထောင်မှာ အသီးသီး ဖမ်းဆီးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အထူးအယူခံတွေကိုလည်း ထပ်မံပယ်ချထားပြီး ထောင်ဝင်စာတွေ့ခွင့်ကို တင်းကြပ်စွာ ပြုလုပ်ထားပါတယ်။ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် စစ်တပ်ကတော့ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ပြီး ပြန်လွတ်ပေးနိုင်ခြေနဲ့ပတ်သက်လို့ တစွန်းတစထွက်ပေါ်ထားခြင်းတောင်မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။